Tuesday 2 August 2011

ကြာလျှင် စိတ်ဖောက်ပြန်လာမည်

ဧပြီလ ၆-ရက်နေ့ ထိုသတင်းစာကပင် စာမျက်နှာ-၈ ၌ “ပညာရှိလူတစ်စုက အကြမ်းမဖတ်ဘဲ ကြဉ်ရှောင်ခြင်းအလုပ်တွင် အကျိုးမရှိဟုသဘောထားကြလေသည်ဟု” ကျွန်ုပ်တို့မှာ စိုးမိုးခြင်းခံရသော လက်အောက်နိုင်ငံသားဖြစ်ခြင်းကြောင့် ကြဉ်ရှောင်သောအလုပ်ကို တညီတညွတ်တည်း စိတ်အားထက်သန်စွာနှင့် ပြုလုပ်ကြရမည်။ 

ထိုနည်းလမ်းတခုသာလျှင် ဟုမ္မရူးလွတ်လပ်ရေး ရနိုင်ရန်လမ်းကြောင်း ဖြစ်ချေတော့သည်။”
မေလ ၁၈-ရက်နေ့ စာမျက်နှာ-၅တွင် “ဗြူရိုကရက်တို့၏ လက်အောင်တွင် နေထိုင်ရခြင်းသည်ကား အသက်နှင့် နေရသည်ကဲ့သို့ မဟုတ်၊ နာမ်ဝိဥာဏ်မရှိသောသူနှင့် တူချေသည်။ 

ကျွန်ုပ်တို့၏ကိုယ်ကို အနှောင်အဖွဲ့နှင့် ထားခြင်းခံနေရသည့်ဖြစ်၍ လှုပ်ရှားကွန့်မြူး အသက်ရှူခြင်း မပြုနိုင်ရှိချေမူကား မကောင်းသောစိတ် ဖောက်ပြန်လာ၍ ရောဂါဝေဒနာ ကပ်လာပေလိမ့်မည်။ 

ကိုယ်စိတ်ကျန်းမာချမ်းသာရေးအတွက် လူတိုင်းပင်လျှင် လွတ်လပ်ရေးရရှိစေရမည်” ဟုဤကဲ့သို့ဆို၏။

ရန်သူကိုရင်ဆိုင်ရမည်

စက်တင်ဘာလ ၆ရက်နေ့က “မြန်မာတို့သည် မိမိတို့ လွတ်လပ်ရေးအတွက်နှင့် မိမိဂုဏ်ဒြပ် ညှိုးပိန်ခြင်းကို မခံနိုင်၍ ထိုဒြပ်သိက္ခာကို ပြန်လည်ပွင့်လန်းလာစေခြင်းငှါ တိုက်ခိုက်ရပေမည်။

မည်သူမျှ မိမိတို့လက်ဝယ်ရရှိသောအာဏာတန်ခိုးကို အလိုအလျောက် ပေးကမ်းစွန့်လွှတ်လိုကြမည်မဟုတ်ပေ။ 

အချို့သော မြန်မာတို့သည် ထိုသို့တိုက်ခိုက်ရမည်ကို ရွံ့ကြောက်ထိတ်လန့်၍ နောက်သို့ ဆုတ်ကြသည်။ 
တိတ်တဆိတ်ပုန်းအောင်ရှောင် တိမ်းကြ၍ ဒိုင်အာခီကို လိုလားသည့်အနေနှင့် အပေါင်းအသင်းတို့ကို ခွဲခွာစွန့်ပစ်၍ သွားကြပြီးလျှင် ရန်သူတို့နှင့် ပူးပေါင်းကြလေသည်။

“သို့ကြောင့် စိတ်ကိုခိုင်ခိုင်ထား၍ ရန်သူကိုမျက်နှာမူ၍ ရင်ဆိုင်တွေ့ဆုံကြဘိလော။ 
ထိုသို့လူအချင်းချင်း ညီညာ၍ တစိတ်တသံတည်း ရဲစွမ်းသတ္တိဖြင့်ခုခံကြလျှင် ဧကန်မုချ မြန်မာတို့က အောင်နိုင်ကြပေလိမ့်မည်။

အောင်နိုင်ခြင်းအလိုငှါ ရဲ့စွမ်းသတ္တိရှိရမည်။
ဘေးတွေ့သည်ရှိသော် ထိုဘေးကိုခံကြရပေလိမ့်မည်။ 
စစ်ပွဲတို့ဟူသည်မှာ စကားပြောရုံနှင့် အောင်မြင်နိုင်မည်ရပေလိမ့်မည်။

စစ်ပွဲတို့ဟူသည်မှာ စကားပြောရုံနှင့် အောင်မြင်နိုင်မည်မဟုတ်ပေ။ 
မိမိအသက်သေမည်ကို စိုးရိမ်ကြောက်ရွံ့သော သူတို့သည်လည်း ခေါင်းဆောင်နိုင်ကြမည်မဟုတ်ပေ။ 

သို့သော်လည်း အမိဖြစ်သော မြန်မာပြည်ကြီးသည် အကြပ်အတည်းဖြစ်သော အရေးနှင့် ကြုံတွေ့နေလေပြီး။
နောင်ရေးအကျိုးအတွက်ကို ကြံရမည်ရှိသော် အမျိုးသားအမည်ခံသော အဘယိသို့သော သူပင်လျှင် နောက်ဆုတ်တွန့်တိုခြင်း ရှိပေအံ့နည်း။”

“ဒိုင်အာခီနည်းစနစ်တည်၍ ၉-လကြာမြင့်သောအခါ အစိုးရတို့ကို နှုတ်ပယ်ရန် စီမံချက်ဟူသမျှတို့ကို “ဗီတို” ခေါ်ပျက်စေဟူသောအမိန့်ဖြင့်ပယ်ဖျက်ခြင်းကို ခံခဲ့ရလေသည်။ 

ဤကား အိန္ဒိယတွင် လက်တွေ့ဖော်ပြခြင်းဖြစ်၏။ 
ဘတ်ဂျတ် ခေါ် အသုံးစရိတ် ရံပုံငွေစာရင်းသည် အစိုးရတို့လက်၌ပင် ရှိပေသေးသည်။

ပြည်သူတို့အပေါ်မှာ ကောက်ခံရရှိသော အခွန်တော်ငွေများကို စစ်သည်တော်ပုလိပ်သား၊ အစိုးရအရာရှိတို့၏ လခရိက္ခာအတွက်များတွင် ရက်ရောစွာ သုံးစွဲလေသည်။

ကောင်စီ၏အပြင်ဘက်တွင် တိုင်းပြည်ရေးအတွက် ဆူပူဟောပြောသောသူတို့ကို ရှာဖွေလှန်လှော်၍ အတောမသတ် ဖမ်းဆီးဖိနှိပ်ခြင်းပြုလေသည်။

ဒိုင်အာခီအတွက် မည်သို့ရှိနေကြခြင်းသည်ကား လူဟူသမျှ ထင်ရှားသိမြင်နေကြရလေပြီ။
“ထိုသို့ သရုပ်ပေါ် ထင်သိမြင်ရသည့်တိုင်းပင် ယှဉ်နှိုင်းဆုံးဖြတ်ကြဘိလော့။ 

အိန္ဒိယပြည်တွင် ဖြစ်ပျက်ရှိနေကြပုံနှင့် မြန်မာပြည်အစိုးရတို့၏ စိတ်နေသဘောထားကို တွေးဆနှိုင်းစာရမည်ဆိုလျှင် အဘယ်သို့ပင်ဆိုစေဒိုင်အာခီနည်းစနစ်သည် ပရိယာယ်မာယာ သက်သက်မျှသာဖြစ်သော ဥပဒေဟု အမြဲစွဲမှတ် သိကြရမည်။

” ဤသို့ မစ္စတာ ဘားနတ်ဟောက်တန်ကဆိုချေသည်။ 
တဖန် ၁၉၂၂-ခု၊ မေလ ၁၄-ရက်နေ့တွင် နယူးဘားမားသတင်းစာ၌ “ဒိုင်အာခီနည်းစနစ်သည် ဟုမ္မရူးရနိုင်သော နည်းစနစ်ဟု ဆိုကြသည်။ 

ထိုစကားသည် အလျဉ်းမဟုတ်နိုင်ပေ။ ဒိုင်အာခီဟူသည်ကား ဗြူရိုကရက်တို့ကို ဆက်လက်အုပ်ချုပ်နိုင်သော အခွင့်အရေးပေးခြင်းမျှသာဖြစ်သည်” ဟုဤသို့ဆိုသည်။

၎င်းနောက် ဇွန်လ ၁၁-ရက်နေ၌တဖန် ဟုမ္မရူးဟူသည် တိုင်ပြည်ပြုပြင် အုပ်ချုပ်ရေးမျှသာမဟုတ် ဘာသာရေးလျှင်လည်း ဖြစ်ချေသည်။ ထိုအရေးသည်လည်း ကျွန်ုပ်တို့ကို တစည်းလုံးတည်းဖြစ်အောင် ပေါင်းသင်းစည်းလုံးပေါင်းစပ်ခြင်း ဖြစ်သည်။ 

ထိုသို့ ပေါင်းစပ်စည်းလုံးခြင်းသည်လည်း မြန်မာပြည်ကြီး၏ အရေးကိစ္စတွင် တညီတသံတည်းဖြစ်အောင် စည်းလုံးခြင်းပေသည်း။

ထိုအရေးကို ဆောင်ရွက်ခြင်းဖြင့် ကျွန်ုတို့စိတ်၌ရှိသော အတ္တဟိတ သဘောလောဘစိတ်ကို သုတ်သင်ပယ်ရှားလျက် ပြည်သူအပေါင်းတို့ချမ်းသာ၍ ဂုဏ်တေဇာဖြိုးမောက်နိုင်ရန် အကြောင်းအရာရေးအတွက် စွမ်းအားရှိသမျှ ထမ်းဆောင်ကြစေရန် တိုက်တွန်းအားပေးခြင်းဖြစ်ပေသည်။

ဇွန်လ ၁၂ -ရက်နေ့၌ တကြိမ်ဆိုပြန်သည်မျာ ဒိုင်အာခီအုပ်ချုပ်နည်းသည် ဗြူရိုကရက်တို့က အခွန်တော် တိုးမြှင့်နိုင်ရန်အရေးမှတပါး ဧကန်စင်စစ်ပြုပြင်ပြောင်းလဲရေး မဟုတ်ပေ။
ဤသို့ဆို၏။

အကယ်၍ ယခုတဖန် နယူးဘားမာသတင်းစာနှင့် မစ္စတာဘားနတ်ဟောက်တန်တို့က ဒိုင်အာခီကို ငြင်းပယ်ရှောင်ရှားရန် အတင်းအကြပ် တိုက်တွန်းသည်မဟုတ်သော်မူလည်း ယမန်နှစ် ဂျီ၊ စီ၊ ဘီ၊ အေ အစည်းအဝေးကြီးက ဟုမ္မရူးစစ်စစ်ထက် လျော့ပေါ့သော အုပ်စိုးနည်း တစုံတရာကိုမျှပင်လျှင် မြန်မာပြည်က လက်ခံနိုင်လိမ့်မည်မဟုတ်။

ထိုဟုမ္မရူးစစ်စစ်ကိုသော်လည်း မကြာမနှောင်း အဆော့တလျင် ရယူလိုကြသည် ဖြစ်ကြောင်းနှင် ဒွိဟသံသယ ယုံမှားခြင်းမရှိရအောင် အတိအလင်း ဖွင့်မြွက်ဆုံးဖြတ်ကြပြီး ဖြစ်ခဲ့လေပြီ။

ယင်းသို့တပြီးကား ဒိုင်အာခီအုပ်ချုပ်ရေးကို အချို့သောမိတ်ဆွေတို့ ပြုမူကျင့်ကြံကြသော နည်းဥပဒေအရ စိတ်ထားမူဟန်တို့ဖြင့်သာ ပယ်ရှားအံ့သည်မဟုတ်မူ၍ ထိုကောင်စီအတွက် ရွေးကောက်ခြင်းကို မခံကြဘဲ လုံးလုံးလျားလျား ပယ်ရှားကြပါဟု ဆရာတော်က မေတ္တာရပ်ခံရပေတော့သည်။

အို ဒါယကာ၊ ဒါယိကာမအပေါင်းတို့

ဤကဲ့သို့ ပြည်သူပြည်သားအများတို့နှင့် သက်ဆိုင်ရာ အရေးကြီးကစ္စတွင် အငြင်းအခုံ တိုက်ခိုက်နေကြခြင်းကို သိရသည်မှာ ဆရာတော်အားလွန်စွာစိတ်နှလုံး ညစ်ညူးခြင်းဖြစ်ရပေသည်။ 

၎င်းအသင်းအပင်း ဂုဏ်အသီးသီးတို့အပေါ်တွင် ရှုံ့ချစွပ်စွဲကြသည်ကို ယုံကြည်ခြင်းမရှိချေ။ ထိုစွပ်စွဲချက်များသည် တကယ်စစ်စစ် တွေ့ကြုံ၍မဟုတ်။ 

အထင်နှင့်ရမ်းသော ဖြန်းသန်းပြောဆိုကြခြင်း ဖြစ်ပေလိမ့်မည်။ 
ထို့ကြောင့် မိမိတို့ တိုက်ခိုက်ပြောဆိုခြင်းခံရမည့်သူများအား တရားနည်းလမ်းဖြင့်သာ ပြောဆိုပြစ်တင်ခြင်းသည်ဖြစ်စေရန် ရည်သန်စုံစမ်းကြရပေမည်။ 

လမ်းပန်းခရီး နည်းလမ်းစနစ် စသည်ကို အသိသောအားဖြင့်သာ ၎င်းတို့ထင်မြင်ရာ အာသီသကို အားကြိုးမာန်တတ်တိုက်တွန်းနှိုးဆော်ကြသည်ဟု ယုံကြည်သည်။ 

ရှုံ့ချပုတ်ခတ်နေကြခြင်းသည် အလျဉ်းဖြောင့်မှန်သော နည်းလမ်းမဟုတ်။ သူရသတ္တိလည်းမမည် ဖြစ်လေသည်။



မှတ်ချက် ( ဤစာအုပ်မှာ ကျွန်ုပ်တို့ ဖြန့်ချိရေးဌာနမှ ပုံနှိပ်ထုတ်ဝေသည့် “ဘဝကြေးမုံစာစဉ်” ၏ ပွဲဦးထွက် စာအုပ်ပင်ဖြစ်ပေသည်။.

နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတမျိုး၏ သမိုင်းစဉ်တစ်ရပ်သည်၎င်း၊ ရံဖန်ရံခါ ကမ္ဘာ့သမိုင်းစဉ် တခန်းတကဏ္ဍသည်၎င်း၊ ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်ချွန်များ၏ ဖြစ်စဉ်တွင် ပေါ်လွင်ထင်ဟပ်၍ နေတတ်ပေသည်။ 

ထိုသို့သော ဘဝဖြစ်စဉ်များမှပင် ပုဂ္ဂိုလ်ကျော်တို့၏ အတွေးအခေါ်များ၊ အတွေ့အကြုံများ၊ အမှားအယွင်းများကို ကျွန်ုပ်တို့ နည်းနာခံယူမှတ်သားနိုင်ပေသည်။)